
ဇာတိချက်ကြွေ မွေးရပ်မြေ
မြောင်းမြဆရာတော်ဟု ထင်ရှားသော အရှင်ဉာနိကသည် ဦးဖိုးထင်၊ ဒေါ်စိန်တို့၏ အဋ္ဌမမြောက် သားဖြစ်သည်။ ဆရာတော်၏ မွေးရာဇာတိသည် ဧရာဝတီတိုင်းအတွင်း ပုသိမ် ခရိုင်အရှေ့ဖက် “ဘုရားကုန်း”ဟုခေါ်သော ရွာငယ်လေးတစ်ရွာဖြစ်သည်။ ဆရာတော်လောင်းလျာ ငယ်စဉ်ဘဝ
ဆရာတော်လောင်းလျာသည် အသက်(၆)နှစ်အရွယ်တွင် အခြားညီအစ်ကိုနှစ်ယောက် နှင့်အတူ ဦးလေးဘုန်းကြီးထံတွင် ရှင်ပြုခဲ့သည်။ ရှင်ပြုပြီးနောက် လအနည်း
ငယ်အတွင်းတွင် ဦးလေးဘုန်းတော်ကြီး ကျောင်းထိုင်ရာ မြောင်းမြခရိုင်အတွင်းရှိ “ကွမ်းခြံရွာ”သို့ လိုက်ပါ ပြောင်းရွှေ့၍ ပညာသင်ကြားရသည်။ ဆရာတော် လောင်းလျာသည် ပင်ကိုယ်ဉာဏ် ထက်မြက်သူဖြစ်၍ ဂဏန်းတွက်ရာတွင်လည်းကောင်း၊ စာစီစာကုံးရေးသားရာတွင် လည်းကောင်း ဆရာများ၏ ချီးကျူးခြင်းကို မကြာခဏခံယူရသည်။
ရှစ်နှစ်သားအရွယ်တွင် ထပ်မံရှင်ပြုပေးခြင်းခံရ၍ ရှင်အဖြစ်နှင့်ပင် နေထိုင်ကာ ပညာသင်ရသည်။ သူ့ကို “ရှင်ဉာနိက”ဟုခေါ်ကြသည်။ မူလတန်းစာ များအပြင် ကစ္စည်းသဒ္ဒါ နှင့် အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကိုပါ ဦးလေးဘုန်းကြီး ထံမှ သင်ကြားရသည်။ ရှင်ဉာနိက၏ မြန်မာစာရေးရာ၌ ဝါသနာစူးရှခြင်း နှင့် ကဗျာဉာဏ်သည် ရှင်ငယ်ဘဝကပင် အခြေစိုက်ခဲ့ သည်ဟုဆိုရပေမည်။
လောကုတ္တရာပညာရင်နို့သောက်စို့စဉ်
(၁၄)နှစ်အရွယ်တွင် ပုသိမ်ဝေဠုဝန်စာသင်တိုက်ကြီးသို့ ဦးလေးဘုန်းတော်ကြီးက ပို့ဆောင် အပ်နှံပေးခြင်းဖြင့် လောကုတ္တရာစာပေများကို တစိုက်မတ်မတ် သင်ကြားခွင့်ရခဲ့လေသည်။ များမကြာမီတွင် မြောင်းမြမြို့ ပဇ္ဇောတာရုံကျောင်းတိုက်၌ နေထိုင်စာသင်ခဲ့ဖူးသော အရှင် နန္ဒာဘိဓဇ အမည်ရှိ ရဟန်းတော်တစ်ပါးနှင့် တွေ့ရှိဆက်ဆံမိသောအခါ ထိုအရှင်၏ အကူအညီဖြင့်ပင် မြောင်းမြမြို့ ပဇ္ဇောတာရုံကျောင်းတိုက်၌ ပညာသင်ခွင့်ကို ရရှိခဲ့လေသည်။
ရှင်ဉာနိကသည် ပဇ္ဇောတာရုံကျောင်းတိုက်၌ပင် အမြင့်ဆုံးပါဠိစာမေးပွဲ အောင်မြင်ပြီးသော အခါ စာချဆရာငယ်တစ်ပါးအဖြစ် မြှောက်စားခြင်းခံခဲ့ရသည်။ ခေတ်မီအတွေးအခေါ်ရှိသော ပဇ္ဇောတာရုံဆရာတော်ကြီးသည် ရှင်ဉာနိကကို ဟန္ဒီ နှင့် သက္ကဋကို သင်ပေးတော်မူခဲ့ သည်။ (၁၉)နှစ်နှင့်သုံးလအရွယ်တွင် ရှင်ဉာနိကသည် ကွမ်းခြံရွာ သာသနဝိသောဓနီ သိမ်၌ ပဇ္ဇောတာရုံဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်ခဲ့လေသည်။
ဘွဲ့ထူး٫ဂုဏ်ထူး ဆွတ်ခူးစဉ်
အရှင်ဉာနိကသည် ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် ပခုက္ကူမြို့၊ မဟာဝိသုတာရာမ တိုက်ကြီး၏ တိုက်ခွဲတစ်ခုဖြစ်သော ညောင်ဦးမြို့၊ မဟာဝိသုတာရာမတိုက်သစ်ခေါ် စာသင်တိုက်သို့ သွားရောက်ပညာသင်ခဲ့လေသည်။ အရှင်ဉာနိကသည် (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပထမဆုံးပြန်လည် ကျင်းပသော အစိုးရဓမ္မာစရိယစားမေးပွဲတွင် ကျန်ရှိနေသေးသည့် ဓမ္မသင်္ဂဏီနှင့် ဝိဘင်္ဂါဒိဂုဏ်ထူးကျမ်းကို အပြီးသတ်အောင်မြင်၍ “သာသနဓဇ သိရီပဝရ ဓမ္မာစရိယ”ဘွဲ့ထူးကို ရရှိခဲ့လေသည်။ ထို့နောက် အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ ဒဿနဗေဒ၊ ဘာသာဗေဒနှင့်တကွ အင်္ဂလိပ်၊ ဟန္ဒီ၊ သက္ကဋစာပေများကို (၅)နှစ်ခန့် လေ့လာ သင်ကြားခဲ့သည်။ ဗာရာဏသီမြို့٫ သက္ကဋ ယူနီဗာစတီ၌ (၂)နှစ်၊ ဒေလီမြို့٫ ယူနီဗာစတီ၌(၃)နှစ် အချိန်ယူကာ ဘီအေ (သက္ကဋ ဂုဏ်ထူး)ဒီဂရီများ ရရှိသည်အထိ ကြိုးစားသင်ကြားခဲ့သည်။ လူသေလူဖြစ်ဝါဒ နှင့် ဆရာတော်ဥုးဉာနိက
အရှင်ဉာနိက အိန္ဒိယနိုင်ငံမှ ပြန်ရောက်ပြီးနောက် မြန်မာပြည်တွင် အဓမ္မဝါဒ တစ်ခုဖြစ်သည့် “လူသေလျှင် လူဖြစ်သည်”ဟူသည့် မှားယွင်းသောအယူဝါဒဆိုးကြီး ပေါ်ပေါက်နေလေ၏။ ထိုဝါဒဆိုးကြီးကို မှားယွင်းကြောင်း ဆုံးဖြတ်ချက်ချရာ လူသေလူဖြစ်ဝိနိစ္ဆယကား ဝိနိစ္ဆယ များစွာတွင် အကျယ်ဝန်းဆုံးနှင့် အနက်ရှိုင်းဆုံး ဝိနိစ္ဆယဖြစ်ပါသည်။ ထိုမှားယွင်းသော အယူကို ကိုင်စွဲထားသူများမှာ ခေတ်ပညာတတ် ဘာသန္တရပညာရှင်များ ပါဝင်နေရကား သူတို့၏တင်ပြချက်များကို ထိုးဖောက်စိစစ်နိုင်ရန် သာမန်ပါဠိပညာရှင်တို့အတွက် မလွယ်ကူလှပေ။ ထိုလူသေလူဖြစ်ဝိနိစ္ဆယတွင် သီးခြားဝိနည်းဓိုရ် သဘာပတိ ဃောသိတာရာမ ဆရာတော်ဘုရားကြီးကအစ ဆရာတော်ဥုးဉာနိက အဆုံး ငါးပါးလုံး ရှာကြံ၍ ဝိနိစ္ဆယဖွဲ့ပြီး စစ်ဆေးခဲ့၏။ အနောက်နိုင်ငံ စာအုပ်ထူကြီးများဖြင့် ကိုင်ပေါက်ကြမည့် ထိုသူတို့ကို ပိုင်ပိုင်နိုင်နိုင် တုပ်နှောင် ချည်ဖွဲ့သူကား ဘာသန္တရဆေက ဆရာတော်ဥုးဉာနိက ပင်ဖြစ်ပါသည်။ ထို့အတူပင် ဝိနိစ္ဆယပြုစုရာ၌လည်း ဆရာတော်ဥုးဉာနိကသည် ဘာသန္တရဝါဒ များများပါသော စောဒနာ٫ သောဓနာတို့ကို တာဝန်ယူ၍ ဝိနိစ္ဆယပြုစုရပေရာ အိန္ဒိယပြည်မှ ထိုဘာသာရပ်တို့ကို ဘွဲ့ယူထားပြီးဖြစ်သော ဆရာတော်အတွက် လူမှန်နေရာမှန် ဖြစ်နေပေတော့သည်။ အနောက်နိုင်ငံ သာသနာပြုခရီးစတင်
(၁၉၈၂)ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့တွင် နိုင်ငံခြားသာသနာပြု ဆရာတော်ကြီး အရှင်သေဋ္ဌိလာဘိဝံသနှင့်အတူ အင်္ဂလန်နိုင်ငံ၊ ရက်ဒင်မြို့၊ အင်္ဂလိပ်ဗုဒ္ဓဘာသာ ဒကာမကြီး မစ္စစ်အစ်ဂလစ်ဒန်၏အိမ်၌ (၂၂)ရက်တိတိ နေထိုင်ပြီးလျှင် ဘာမင်ဂန်မြို့၊ ဗုဒ္ဓဝိဟာရ မြန်မာ ကျောင်းသို့ ပြောင်းရွေ့ကာ ဒုတိယဝါကပ်ခဲ့ရသည်။ ဘာမင်ဂန်၌ (၂)နှစ်မျှနေစဉ်အတွင်း တစ်ဖက်မှ အင်္ဂလိပ်စကားပြော၊ အရေးအသားအတွက် အဆင့်မြင့်ရန် ကျောင်းတက်၍ အားလပ်ချိန်တွင် မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပြီး အင်္ဂလိပ်ပညာရှင်များနှင့် နှီးနှောပြင်ဆင် သုတ်သင်ခဲ့သည်။ ဘာမင်ဂန်၌ (၂)နှစ်မျှနေထိုင်ပြီးသောအခါ လန်ဒန်မြို့ရှိ ဒေါက်တာခင်သက်မော်နှင့် မောင်ဖြစ်သူ ဒေါက်တာမြင့်ဝင်းတို့၏ လျှောက်ထားချက်အရ ယင်းတို့၏အိမ်တစ်အိမ်၌ နေထိုင်စဉ် ကျမ်းစာရေးရင်း အနောက်တိုင်း ဒဿနဗေဒဆိုင်ရာများကို လေ့လာနေခဲ့၏။
ထို့နောက် ဒကာ٫ဒကာမများ၏ပင့်ဖိတ်ချက်အရ လန်ဒန်မြို့၊ ကင်စဘာရီရပ်ကွက်၊ အိုးချာ့ခ်ျလိန်း လမ်း၊ အမှတ်(၁)မြန်မာဗုဒ္ဓဝိဟာရ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ပြောင်းရွေ့ နေထိုင်ခဲ့သည်။ (၂)နှစ်မျှနေပြီးသော် တစ်ဖန် ဒေါက်တာခင်သက်မော်တို့မောင်နှစ်မ၏ ပင့်ဖိတ်ချက်အရ ယင်းတို့၏ ဆေးခန်းအပေါ်ထပ်တွင် (၇)လခန့် နေထိုင်ရပြန်သည်။ (၁၉၈၇)ခုနှစ်တွင် မြန်မာပြည်၊ မြောင်းမြမြို့၊ ပဇ္ဇောတာရုံကျောင်းတိုက်သို့ပြန်၍ တစ်ဝါ ဆိုခဲ့သည်။ (၁၉၈၈)ခုနှစ်တွင် ဂျာမဏီပြည်၊ ဖရန့်ဖွတ်မြို့အနီး၊ မိုင်းစ်မြို့ကလေး၌ တပည့် ဂျာမန် အမျိုးသမီး ဒေါက်တာဒေါ်ဥမ္မာခေါ် အက်ဖ်လော်တာမော်ဆာ၏အိမ်၌ တရားပြရင်း ဗုဒ္ဓစာပေများကို သင်ပြရင်း တစ်ဝါဆိုခဲ့သည်။ (၁၉၈၉)ခုနှစ်၊ မတ်လ(၂၆)ရက်တွင် ဝူလ်ဗာဟင်ပ်တန် မြို့သို့ ပြောင်းရွေ့ကာ International Tisarana Centre ၌နေထိုင် ခဲ့သည်။ ဤအဆောက်အဦး သည် မူလက Buddhist Welfare Association ဟူသော အမည်ဖြင့် မှတ်ပုံတင်ထားခဲ့သော တရားဝင်အသင်းကြီးတစ်ခုဖြစ်ပေသည်။
တိသရဏဝိဟာရ နှင့် ဆရာတော်ဥုးဉာနိက
ထို့နောက် (၃ဝ-၈-၉၂)ရက်နေ့တွင် ထိုအသင်းကုမ္ပဏီပိုင် ဂျက်ကော့ဖ်လမ်း၊ အမှတ်(၈၁) အဆောက်အဦးကို အစုရှင်များထံမှ လွှဲပြောင်းဝယ်ယူကာ မြောင်းမြဆရာတော် နှင့် ပင့်သံဃာတော်များရှေ့မှောက်တွင် သံဃိကရေစက်ချ၍ သံဃာပိုင်ကျောင်းအဖြစ် လှူဒါန်း နိုင်ခဲ့ကြလေသည်။ ထိုအချိန်တွင် ဆရာတော်၏ ညွှန်ကြားချက်အရ ကျောင်းအမည်ကို “တိသရဏဝိဟာရ” ဟု အမည်သစ်ပေးခြင်း၊ အဖွဲ့ကို Tisarana Vihara Association ဟု အမည်ပြောင်းလျှက် ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံး၌ လန်ဒန်မြို့၊ အမှတ်(၃၅၇)၊ နယ်လ်စန်လမ်း၊ ဝှစ်တန်ရပ်ကွက်တွင် တိသရဏဝိဟာရဟူသောအမည်ဖြင့် မြောင်းမြဆရာတော်၏ အခြေချ ပြုစုပေးထားခဲ့သော ထေရဝါဒဗုဒ္ဓသာသနာသည် ယနေ့တိုင် စည်ပင်ထွန်းကားလျှက် ရှိနေပါတော့သည်။
