
“စိတ်သဘာဝ နှင့် ဘဝဒဿန”
လူ့ဘဝတွင် ဆင်းရဲ٫ချမ်းသာ၊ သို့မဟုတ် သုခ٫ဒုက္ခ၊ သို့မဟုတ် သံသရာနှင့် နိဗ္ဗာန်ဟူ၍ ဆန့်ကျင်ဘက်အစုံတရားတို့သည် ရှိကြပါ၏။ ယင်းအစုံတရားတို့အနက် တစ်မျိုးမျိုးကို မလွဲမသွေ တွေ့ကြရမည်ဖြစ်သည်။ ဗုဒ္ဓဒေသနာတော်အရ ယင်းအစုံတရားနှစ်မျိုးတို့ကို ပြုလုပ်သူကား ပြင်ပတန်ခိုးရှင်မဟုတ်၊ မိမိ၏စိတ်ပင်ဖြစ်၏။ မိမိ၏မကောင်းသောစိတ်က ဆင်းရဲ၊ သို့မဟုတ် ဒုက္ခ၊ သို့မဟုတ် သံသရာကို ဖန်ဆင်း၍ မိမိ၏ကောင်းသောစိတ်က ချမ်းသာ၊ သို့မဟုတ် သုခ၊ သို့မဟုတ် နိဗ္ဗာန်ကို ဖန်ဆင်း၏။
ဤနေရာ၌ နိဗ္ဗာန်ကို ဘုံနန်းအဖြစ်ယူရမည် မဟုတ်၊ နိဗ္ဗာန်၏အနက်အဓိပ္ပါယ်မှာ တဏှာမှ ထွက်မြောက်ခြင်း၊ တဏှာမရှိခြင်းဖြစ်၏။ တဏှာနည်းနည်းမရှိလျှင် နည်းနည်း နိဗ္ဗာန်ဖြစ်၏။ တဏှာများများမရှိလျှင် များများနိဗ္ဗာန်ဖြစ်၏။ တဏှာ လုံးဝမရှိတော့လျှင် လုံးဝ နိဗ္ဗာန်ဖြစ်၏။ နည်းနည်း နိဗ္ဗာန်ကို တဒင်္ဂနိရောဓဟုခေါ်၏။ များများနိဗ္ဗာန်ကို ဝိက္ခမ္ဘနနိရောဓဟုခေါ်၏။ လုံးဝနိဗ္ဗာန်ကို သမုစ္ဆေဒ နိရောဓဟုခေါ်၏။
နိဗ္ဗာန်ကို ချမ်းသာစစ်၊ ချမ်းသာမှန်ဟု ဗုဒ္ဓဘာသာဝင်တို့ နားလည်ကြ၏။ သို့ဖြစ်လျှင် နိဗ္ဗာန်အရ တဏှာလောဘ နည်းနည်းကင်းလျှင် နည်းနည်းချမ်းသာ၏။ များများကင်းလျှင် များများချမ်းသာ၏။ အလုံးစုံကင်းလျှင် အတုမရှိချမ်းသာ၏။ ဤသို့ဆိုလျှင် ဤအဆိုသည် အငြင်းပွားဖွယ်မရှိသော အဆိုဖြစ်၏ဟု လက်ခံကြရမည်ဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ကောင်းမှုကုသိုလ်လုပ်တိုင်း “နိဗ္ဗာနပစ္စယော ဟောတု” နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့ ဖြစ်ပါစေဟူ၍ ဆုတောင်းရာ၌လည်း တောင့်တတတ်သော တဏှာလောဘကင်းအောင် ပြုနိုင်ပါစေဟု ဆိုလိုရင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရလျှင် တဏှာလောဘ၏ အာရုံဖြစ် သော အရာဝတ္ထုများကို မတောင့်တတတ်သူ ဖြစ်ရပါလို၏ဟူ၍ “မဖြစ်”သဘောကို တောင့်တခြင်းဖြစ်၏၊ “အဖြစ်”သဘောကို တောင့်တခြင်းမဟုတ်။ အမှန်အားဖြင့် မဖြစ်ခြင်း “အနုပ္ပါဒ”သည်သာ သုခဖြစ်၍၊ ဖြစ်ခြင်း “ဥပ္ပါဒ”သည် ဒုက္ခဖြစ်လေသည်။
မဖြစ်ခြင်း “အနုပ္ပါဒ”ကို မတောင့်တဘဲ၊ ဖြစ်ခြင်း “ဥပ္ပါဒ”ကို တောင့်တခြင်းသည် စိတ်၏ ပင်ကို မူလသဘော မဟုတ်၊ စိတ်၌မှီတွယ်လာသော စေတသိက်တို့၏ သဘောသာဖြစ်၏။ စိတ်၏ပင်ကိုယ်မူလသဘောသည် အလွန်စင်ကြယ်၏။ အလွန်ကြည်လင်သော မှန်သားပြင် နှင့်တူ၏။ မှန်သားကြည်လင်ပါက မှန်သား၌ထင်လာသော အရိပ်တို့သည် မူလအရာဝတ္ထု၏ ပကတိပုံစံအတိုင်းဖြစ်၏။ မှန်သားမကြည်လင်ပါက မှန်သား၌ထင်လာသော အရိပ်က တစ်မျိုး၊ မူလအရာဝတ္ထု၏ ပကတိပုံစံက တစ်မျိုးဖြစ်၏။ ထိုနည်းအတူပင် စိတ်သည် ကိလေသာအနောက်အကျုတို့မရှိဘဲ စင်ကြယ်သန့်ရှင်းနေပါက ယင်းစိတ်၌ထင်လာသော အာရုံတို့သည် မူလပကတိအတိုင်းပင်ဖြစ်၏။
သို့ရာတွင် လူသားတို့၏စိတ်ကား မူလပကတိအတိုင်းမဟုတ်။ ယင်းစိတ်၌ ကိလေသာ အနောက်အကျုတို့သည် ဥပါဒ်٫ဌီ٫ဘင်မဲ့ အနုသယအဆင့်ဖြင့် ရှိမြဲဖြစ်၏။ ထိုထက်ပိုလွန် လျှင် ဥပါဒ်٫ဌီ٫ဘင်ရှိ ပရိယုဋ္ဌာန အဆင့်ဖြင့်ရှိ၏။ ထိုအခါ စိတ်သည် အာရုံကို ယထာဘူတကျကျ အမှန်အတိုင်း မသိတော့ဘဲ ဘက်လိုက်၍ သိတော့၏။ ဘက်လိုက်၍ သိသောအခါ ချစ်စရာ မဟုတ်ပါဘဲလျှက် ချစ်စရာဟုသိ၍ ချစ်၏။ မုန်းစရာမဟုတ်ပါဘဲလျှက် မုန်းစရာဟုသိ၍ မုန်း၏။ ကြောက်စရာ မဟုတ်ပါဘဲလျှက် ကြောက်စရာဟုသိ၍ ကြောက်၏။ အမှန်မဟုတ်ပါဘဲလျှက် အမှန်ဟုသိ၍ ရဲဝံ့၏။
ဤသို့ဖြစ်ရသည်မှာ မိမိတို့၏ မူလက ဖြူစင်သောစိတ်၌ ကိလေသာအနောက်အကျုတို့က အနုသယအဆင့်ဖြင့်ဖြစ်စေ၊ ပရိယုဋ္ဌာနအဆင့်ဖြင့်ဖြစ်စေ ပူးဝင်စွဲကပ်၍ စိတ်ကို ကမောက် ကမဖြစ်အောင်၊ ပုံပျက်ပန်းပျက်ဖြစ်အောင် ပြုလုပ်သောကြောင့်ဖြစ်၏။ စိတ်သည် မိမိ ကိုယ်တိုင် ကမောက်ကမနှင့် ပုံပျက်ပန်းပျက်ဖြစ်လာသောအခါ အာရုံကို ကမောက်ကမ သိ ၏၊ ပုံပျက်ပန်းပျက် သိ၏။ လူသည် ပုထုဇဉ်သဘာဝအားဖြင့် မိမိကိုယ်ကို အချစ်ဆုံးဖြစ်၏။ ထို့ကြောင့် မိမိနှင့်ပတ်သက်လာလျှင် မိမိ၏စိတ်၌ အတ္တနှင့်မာနတို့သည် တဏှာအပေါ် အခြေခံလျက် အနုသယ အဆင့်ဖြင့် အထင်ရှားဆုံး ကိန်းဝပ်လျက်ရှိ၏။ ထို့ကြောင့် ပုထုဇဉ် တို့၏စိတ်သည် မိမိနှင့် ပတ်သက်လာလျှင် မစင်ကြယ်၊ ပြိုးပြိုးပြက်ပြက်မဖြစ်၊ အတ္တနှင့်မာန လွှမ်းလျက်ရှိ၏။ သို့ဖြစ်လေရာ မိမိ၏စိတ်၌ မိမိတည်းဟူသော အာရုံထင်လေတိုင်း၊ တစ်နည်းအားဖြင့်ဆိုရ လျှင် မိမိကိုယ်ကိုမိမိ ပြန်လည်စဉ်းစားတိုင်း အပြစ်ရှိလျက် ပေါ့၍ မြင်တတ်၏၊ မှားပါလျက် အမှန်ဟု မြင်တတ်၏။
ထိုသို့ဖြစ်ရခြင်းမှာ မိမိ၏စိတ်သည် မိမိကိုယ်တိုင်နှင့်ပတ်သက်လာလျှင် တဏှာအပေါ် အခြေခံသော အတ္တနှင့်မာနကြောင့် ကမောက်ကမဖြစ်လျက်ရှိ၏၊ ပုံပျက်ပန်းပျက်ဖြစ်လျက်ရှိ ၏။ ထို့ကြောင့် မိမိကိုယ်ကို မိမိက ပြန်လည်ကြည့်သောအခါ ကမောက်ကမမြင်ခြင်းဖြစ်၏၊ ပုံပျက်ပန်းပျက်မြင်ခြင်းဖြစ်၏။ “ငါ မှန်တယ်၊ ငါ တရားတယ်၊ ငါ သူတော်ကောင်း”ဟု မြင်ခြင်းဖြစ်၏။ ဤသို့မြင်ခြင်းမှာ မိမိနှင့်ပတ်သက်လာလျှင် မိမိ၏သန္တ္တာန်၌ အသိပ်သည်းဆုံး ကိန်းဝပ်နေသော အတ္တနှင့်မာန ပူးဝင်သောစိတ်ဖြင့် မိမိကိုယ်ကို မိမိပြန်၍ မြင်သောကြောင့် ဖြစ်လေ၏။ မိမိစိတ် ကိုယ်တိုင်က မကြည်လင်၊ မစင်ကြယ်သောကြောင့် ဖြစ်လေ၏။
လူသည် နေ့စဉ် ကံသုံးပါးတို့တွင် တစ်ပါးပါးကို မလွဲမသွေပြုနေရ၏။ ယင်းကံသည် ကုသိုလ်ကံ ဖြစ်ချင်ဖြစ်မည်၊ အကုသိုလ်ကံ ဖြစ်ချင်ဖြစ်မည်။ ကုသိုလ်ကံဖြစ်လျှင် ကောင်းကျိုးကို ပေး၏၊ အကုသိုလ်ကံဖြစ်လျှင် မကောင်းကျိုးကို ပေး၏။ ရှောင်လွှဲ၍ မရ။ လူ့အရိပ်သည် လူနောက်သို့ အစဉ်လိုက်နေသကဲ့သို့ပင် ဖြစ်၏။ သို့ရာတွင် အကျိုးပေးရာ အချိန်ကား ခြားနား၏။ ကုသိုလ်٫အကုသိုလ်ဟူသော အမည်သည် စေတသိက်၏အမည် ဖြစ်၏။ စိတ်၏ အမည် မဟုတ်။ စိတ်၌ ကောင်း٫မကောင်းသဘော မရှိ။ စေတသိက်၌သာ ကောင်း٫မကောင်း သဘောရှိ၏။ စေတသိက်၌ ကောင်း٫မကောင်းသဘောရှိသော်လည်း ယင်းစေတသိက်တို့ သည် မိမိတို့ချည်း မတည်နိုင်။ စိတ်ကို မှီ၍သာ တည်ရ၏။ စိတ်ကို ရှေ့သွားပြုကြရ၏၊ စိတ်ကို ခေါင်းဆောင်အဖြစ် ထားကြရ၏။ စိတ်နှင့် မယှဉ်တွဲဘဲ မရပ်တည်နိုင်သဖြင့် စိတ်၏ အခြံအရံဖြစ်ကြရလေသောကြောင့် စိတ်ဖြင့် ပြီး၏ ဟူ၍ ဆိုရ၏။ ထို့ကြောင့် “စိတ်သာ ပဓာန ဖြစ်၏”ဟူ၍ ဟောတော်မူခြင်းဖြစ်၏။
လူသည် အစမထင် သံသရာမှစ၍ အနုသယအဆင့်ဖြင့် အတ္တနှင့်မာန လွှမ်းမိုးခြင်းခံရသူဖြစ် ၏။ ထို့ကြောင့် အရာရာတိုင်းအပေါ် “ငါသာ ပဓာန”အဖြစ် မြင်တတ်၏။ ယင်းအမြင်မှာ ဒိဋ္ဌာနုသယ (အတ္တ)အပေါ်အခြေခံ၏။ ငါသာ ပဓာန ဟူသည် “သူကား ငါ့ဆရာ”၊ “သူကား ငါ့တပည့်”၊ “သူကား ငါ့အုပ်စု”၊ ငါပြီးလျှင် ပြီးရော၊ ငါပိုင်သည်ဟူသော အမြင်မျိုးဖြစ်၏။ အများကို တစ်ခုတည်းအဖြစ်မြင်သော အမြင်ပင်တည်း။ နောက်အမြင်တစ်မျိုး ရှိသေး၏။ ယင်းအမြင်ကား မာနာနုသယ (မာန)အပေါ်အခြေခံသော အမြင်ဖြစ်၏။ ယင်းအမြင်ကား အုပ်စုဖွဲ့အမြင်တည်း၊ ခွဲခြမ်းခွဲခြမ်းပြုသော အမြင်တည်း။ “ငါကောင်းသည်”၊ “သူ မကောင်း”၊ “ငါ့မှာ အပြစ်မရှိ”၊ “သူ့မှာ အပြစ်ရှိသည်”ဟူ၍ တစ်ခုတည်းကို အများပြုသော အမြင်မျိုးဖြစ် ၏။
အတ္တနှင့်မာနလွှမ်းမိုးသောစိတ်ဖြင့် ပြုလုပ်သော ကံဟူသမျှသည် မိမိတို့၏အမြင်အရ ကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်း မကောင်း။ မီးကို အေးသည်ဟုထင်၍ ကိုင်သောအခါ တကယ်မအေးဘဲ ပူသည်ကိုသာ ခံစားရသကဲ့သို့ပင် ဖြစ်၏။ ထို့ကြောင့် တကယ်တမ်း ကောင်းသောကံဟူသည် လောဘကို ပါးအောင်လုပ်နိုင်သော၊ အတ္တနှင့်မာန ကို ပါးအောင်လုပ်နိုင်သော ကံသာဖြစ်၏။ ယင်းကံသည်သာ တကယ်တမ်း ကောင်းကျိုးကို ဖြစ်စေပါ၏။ ထို့ကြောင့် မိမိ၏အမြင်၊ မိမိ၏အသိ၊ မိမိ၏ကံသည် တကယ်တမ်း ကုသိုလ် ဟုတ်သည် မဟုတ်သည်ကို သိလိုပါက မိမိသန္တာန်၌ လောဘ၊ ဒေါသ၊ မောဟတို့ ပါး٫ မပါးဖြင့် စိစစ် ကြည့်ရ၏။ လောဘ၊ ဒေါသ၊ မောဟတို့ ပါးလျှင် ကုသိုလ်ဟုတ်၏၊ မပါးလျှင် မဟုတ်သေး။ တစ်နည်းအားဖြင့်ဆိုရလျှင် “အထင်မှန်”ဖြင့် ကုသိုလ်ကို စစ်၍ မရ၊ “တကယ်မှန်”ဖြင့်သာ ကုသိုလ်ကို စစ်၍ ရလေသည်။ တကယ်မှန် ဟူသည်ကား မိမိတို့၏ သန္တာန်၌ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော အကုသိုလ်များ ပါးပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စသော ကုသိုလ်များ ပွားခြင်းဖြစ်၏။ ယင်းသို့ စိစစ်ကြည့်ရ၏။
ဘဝသက်တမ်းတစ်လျှောက်၌ ကံများကိုပြုကြ၏။ ကုသိုလ်ကံဖြစ်ချင်ဖြစ်မည်၊ အကုသိုလ်ကံ ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် မည်သည့်ကံကိုပြုပြု အရေးကြီးဆုံးအချိန်ကား သေခါနီးကာလ တည်း။ အကျိုးပေးစဉ်အားဖြင့် ဈာန်နှင့်ပဉ္စာနန္တရိယကံများမှတစ်ပါး သေခါနီးကာလ၌ ပြုအပ်သောကံသည်သာလျှင် အကျိုးပေး၏။ သေခါနီးကာလ၌ အကုသိုလ်ဇော စောလျှင် ဒုဂ္ဂတိဘဝသို့ လားရ၏။ ကုသိုလ်ဇော စောလျှင် သုဂတိဘဝသို့ လားရ၏။ စောစောပိုင်းက မည်သည့်ကံကိုပင် ပြုထားပြုထား၊ ထိုကံသည် သေခါနီးကာလ၌ ပြုအပ်သောကံကို မလွှမ်းမိုးနိုင်။ ဂရုကံခေါ်ဈာန်တရားများနှင့် “ကံကြီးထိုက်သည်”ဟုဆိုရသော ပဉ္စာနန္တရိယကံ များသာလျှင် သေခါနီးကာလ၌ ပြုအပ်သောကံကို လွှမ်းနိုင်၏။ ထို့ကြောင့် သေခါနီးကာလ၌ ကလျာဏမိတ္တခေါ် မိတ်ကောင်းဆွေကောင်းသည် အလွန်အရေးကြီး၏။
တစ်သက်လုံး ဘာတစ်ခုမျှ မည်မည်ရရ ကောင်းမှုမပြုလုပ်ခဲ့သော အဒိန္နပုဗ္ဗက ဗြာဟ္မဏ သူဋ္ဌေး၏ တစ်ဦးတည်းသောသား မဋ္ဌကုဏ္ဍလီသည် မြတ်စွာဘုရားတည်းဟူသော ကလျာဏမိတ္တကို အကြောင်းပြု၍ မြတ်စွာဘုရားကို ဖူးမြင်ရသော အာသန္နကံကုသိုလ် ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရခြင်းသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အတွက် အလေးအနက်ထား၍ လိုက်နာကျင့်သုံးရန် အားကျသင့်သော သာဓကတစ်ခုဖြစ် ၏။ သို့ရာတွင် အခြားကံများသည်လည်း အကျိုးမပေးဟူ၍ မရှိ။ လူ့နောက်အရိပ်လိုက် သကဲ့သို့ အကျိုးပေးရန် အခါအခွင့်ကို စောင့်နေခြင်းသာဖြစ်ကြောင်း သဘောပေါက်အပ်ပါ ၏။ သတိတရားလက်ကိုင်ထားနိုင်ကြပါစေ။
